ဘားအံ - ဖေဖော်ဝါရီ (၆)
၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဘားအံပညာရေးဒီဂရီကောလိပ် အားကစားပြိုင်ပွဲ ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက်အားပေးချီးမြှင့်သည်။
ပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲကို ဘားအံပညာရေးဒီဂရီကောလိပ်မှအသင်း(၅)သင်း၊ ကျောင်း သား၊ ကျောင်းသူ အားကစားသမား(၂၅၀)ဦးတို့က အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊, Fitness dance ပြိုင်ပွဲနှင့် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ အစရှိသည့် အားကစားနည်း(၆)နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အားကစားပြိုင်ပွဲ များကို ပညာရေးဒီဂရီကောလိပ်များတွင် ကျင်းပပေးခြင်းအားဖြင့် စာရိတ္ထကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်ပျော်ရွှင်သော ဆရာ၊ ဆရာမကောင်းများပေါ်ထွန်းလာမည်ဖြစ်ပြီး ပညာရေးလောကတွင် ကာယအား ဉာဏအားနှင့်ပြည့်စုံသည့် ဆရာ၊ ဆရာမလောင်းများ ပေါ်ထွန်းလာမည့် အနာဂတ်ပညာရေးမြင်ကွင်းကို ဖော်ဆောင်ပေးနေသည့် မင်္ဂလာရှိသော ရက်မြတ်ဖြစ်ကြောင်း၊ မိမိတို့ပြုစုပျိုးထောင်ပေးရမည့် မျိုးဆက်သစ်ကလေးငယ်များကိုလည်း ကျန်းမာသောခန္ဓာ ကိုယ်နှင့်ကြံ့ခိုင်သော စိတ်ဓာတ်ရှိသည့် လူရည်မွန်များပေါ်ထွန်းလာအောင် ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားအဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အားကစားသမားများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ ပြည်နယ်ဝန်ကြီး ချုပ်က ပြိုင်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ ပန်းပွား၊ ဒိုင်အဖွဲ့များအား ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းသား၊ကျောင်းသူများက ကဗျာလွတ်အက၊ Physical Fitness Dance သရုပ်ပြအကနှင့် ၂၀၂၅ ခုနှစ် ပဥ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဗိုဗီနမ်ပြိုင်ပွဲတွင် ကရင်ပြည် နယ်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ဆုရရှိခဲ့သော ကရင်ပြည်နယ်ဂုဏ်ဆောင်ပညာရေးဒီဂရီကောလိပ် ကျောင်းသား၊ကျောင်းသူများကဗိုဗီနမ်သရုပ်ပြခြင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာများ၊ ဘားအံပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ဆရာမကြီးနှင့်ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ ဆရာမများ၊အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် အားကစားပြိုင်ပွဲများအဖွင့်ပွဲစဉ်အနေဖြင့် ဘားအံပညာရေးဒီဂရီကောလိပ် အမျိုးသားဘောလုံး ပြိုင်ပွဲ ဘုရင့်နောင်အသင်းနှင့် ကျန်စစ်သားအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပါသည်။