ဘားအံ - အောက်တိုဘာ (၅)

            တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့ကို အောက်တိုဘာလ ၅ ရက် နေ့ နံနက် ၁၀ နာရီခွဲက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း(၇)ခု၊ အဆိုတစ်ခု၊ ဥပဒေကြမ်းတစ်ခုတို့ကို မေးမြန်း ဆွေးနွေးအတည်ပြုခဲ့ကြသည်။

            ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကိုက အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ သဘော ထားရယူ၍ အစည်းအဝေးပထမနေ့အထမြောက်ကြောင်းနှင့်စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက် မှုအခြေအနေကို လွှတ်တော်၏အတည်ပြုချက်ရယူမှတ်တမ်းတင်သည်။

            ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေးနှင့်ပြည်သူ့အကျိုးပြု ကြယ်ပွင့်ပြမေးခွန်း (၇)ခုကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် မေးမြန်းဆွေးနွေးကြရာ ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြသည်။

            ယင်းနောက် အစည်းအဝေးပထမနေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးညီညီလှိုင်က ပြည်နယ်လွှတ်တော်သို့တင်သွင်းခဲ့သော ကရင်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ပြည်သူများ ရေရှည် သောက်သုံးရေဖူလုံစွာရရှိနိုင်ရေးအတွက် ဒေသအလိုက်ရေအရင်းအမြစ်များကို စနစ်တကျဖော်ထုတ်အသုံးချ၍ ရေသို လှောင်ခြင်း၊ ရေသန့်စင်ခြင်းနှင့် ရေဖြန့်ဝေပေးခြင်းလုပ်ငန်းများကို အဆင့်လိုက် စီမံကိန်းချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ပြည်နယ်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂)ဦးက ဆွေးနွေး ခဲ့ကြပြီး ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီကြသည့်အတွက် ယင်းအဆိုကို အတည်ပြုကြောင်းနှင့် ပြည်နယ်အစိုးရက ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန်တိုက်တွန်းကြောင်း ပြည်နယ်လွှတ်တော်က ကြေညာသည်။

            ဆက်လက်၍ အစည်းအဝေးပထမနေ့တွင် ပြည်နယ်လွှတ်တော်သို့ တင်သွင်းထားသော ကရင်ပြည်နယ်အသေးစား ငွေချေးလုပ်ငန်း ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်းအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂)ဦးက ဆွေးနွေးခဲ့ကြပြီး ပြင်ဆင်ရန်အဆိုပြုချက်များအား အပိုဒ်လိုက်အတည်ပြုချက်ရယူကာ အစည်းအဝေးတတိယနေ့ကို ရပ်နားခဲ့ပါသည်။