ဘားအံ - ဖေဖော်ဝါရီ (၆)
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အတွင်းတာဝန်ထမ်းဆောင် လျက်ရှိသော ဝန်ထမ်းများ၏နေထိုင်မှုဘဝအဆင်ပြေစေရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သော (၄)ခန်းတွဲ(၅)ထပ် ဝန်ထမ်းအိမ်ရာ(၂)လုံး ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၆ ရက် နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၂)လှာကမြင်ဝန်ထမ်းအိမ်ရာစခန်း၌ ကျင်းပ သည်။
ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန် ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ဝန်ထမ်းများသည်အရေးကြီးသည့်အခန်းကဏ္ဍတွင်ပါဝင်နေသည့်အတွက် ဝန်ထမ်းများ၏နေထိုင်မှုဘဝအဆင်ပြေစေရန် ဝန်ထမ်းအိမ်ရာများကိုယခုလိုတည်ဆောက်ပေးခြင်းဖြစ်ကြောင်း၊ နောင် လာမည့်ဘဏ္ဍာနှစ်များတွင်လည်း ဝန်ထမ်းအိမ်ရာများသာမက ပြည်သူများနေထိုင်မှုအဆင်ပြေစေရန်အတွက် ပြည်သူ့ အငှါးအိမ်ရာများကိုပါ မြေနေရာရရှိမှုနှင့်ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ကရင်ပြည်နယ်အတွင်း နေရာဒေသစုံတွင် စဉ်ဆက်မပြတ်ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဝန်ထမ်းအိမ်ရာ(၂)လုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယနေ့ဖွင့်လှစ်သည့် (၄)ခန်းတွဲ(၅)ထပ် RC ဝန်ထမ်းအိမ်ရာအဆောက်အဦ(၂)လုံးကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေ စုစုပေါင်းငွေကျပ်(၁၆၁၇)သန်းကျော်ဖြင့် ကွန်ကရစ်လမ်း(၈၁၅)ပေနှင့် ယာဉ်ရပ်နားရန်နေရာ(၁၉၃၀၀)စတုရန်းပေတို့ ပါဝင်ပြီး Maw Pha Maw Kun Co.,Ltd နှင့် New Sate Tine Kya Co.,Ltd တို့မှတာဝန်ယူတည်ဆောက်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါဝန်ထမ်းအိမ်ရာ(၂)လုံးအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ကျေးလက်ဒေသနေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီတို့၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ကရင်ပြည်နယ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများစာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက် ရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက စာတတ်မြောက်ရေးလှုပ်ရှားများကိုဆောင်ရွက်နိုင် ရန် ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပြီး သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် ကြီးကြပ်မှုကော်မတီများကို ဖွဲ့စည်း ၍ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို စီမံချက်များရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်စေမည်ဖြစ်ကြောင်း၊ စာသင်ဝိုင်းတစ်ဝိုင်းလျှင် ၁၀ ဦးနှုန်းခန့်ဖြင့် စာရင်းကောက်ယူ၍ စာသင်ဝိုင်းအရေအတွက်နှင့်တည်နေရာများအလိုက် သွားရောက်သင်ကြားပို့ချပေးရမည်ဖြစ်ကြောင်း၊ စာရင်းပြုစုခြင်းနှင့်သင်တန်းပို့ချခြင်းများကို ကြားကာလတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး စာမတတ်သူပပျောက်ရေးအတွက် အချိတ်အဆက်မိမိဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြ စေလိုကာ လိုအပ်ချက်နှင့်အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ကျေးလက်ဒေသနေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ စာတတ် မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က စာတတ်မြောက်ရေးအကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်၊ ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ထားမှုအခြေအနေများ၊ မြို့နယ်များအလိုက် စာသင်သားနှင့်စာဖတ်ဝိုင်းစာရင်းပြုစုရေး၊ လိုအပ် သည့်သင်တန်းနည်းပြများရရှိရေး၊ ပုံနှိပ်စာအုပ်နှင့်စာရေးကိရိယာများ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ် များကို ရှင်းလင်းတင်ပြပြီး လုပ်ငန်းကော်မတီအတွင်းရေးမှူး ပြည်နယ်ပညာရေးမှူးဦးစသိန်းကျော်က ဧပြီလ ၁ ရက်နေ့မှ မေလ ၁၅ ရက်နေ့ထိ နာရီ ၁၂၀ ပြည့်မီအောင်သင်ကြားနိုင်ရေး ၊ နေရာဒေသရွေးချယ်ရေးနှင့် စာရင်းပြုစုနိုင်ရေး၊ စာတတ်မြောက်ရေးလုပ်ငန်းများ အမှန်တကယ်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ကျေးလက်ဒေသနေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ သက်ဆိုင်ရာခရိုင်များအလိုက် အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးဆွေးနွေးတင်ပြကြသည်။
ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြ ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။