ဘားအံ - ဧပြီ (၉)

            ရာဂီမုန်တိုင်းမတိုင်မီကာလ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မိုးစပါးစိုက်ဧက(၁၃၁၄၆)ဧက အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ သွင်းအားစုဖိုးလိုအပ်ငွေ၏ ၂၅ ရာခိုင်နှုန်း ချီးမြှင့်ပေးအပ်ပွဲကို ဧပြီလ ၉ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယမန်နှစ် ဇူလိုင်လတတိယအပတ်နှင့် ဩဂုတ်လအတွင်း မိုးသည်း ထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး မိုးစပါးစိုက်ဧက ၃၂၃၅၄ ဧက နစ်မြုပ်၍ ရေပြန်ကျချိန် တွင် ၁၃၁၄၆ ဧက ပျက်စီးခဲ့သော်လည်း မိုးစပါးများကို ဧကပြည့်ပြန်လည်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ပြန်လည်စိုက်ပျိုးဧက များအတွက် သွင်းအားစုဖိုးလိုအပ်ငွေ တစ်ဧက ၂ သိန်းကျပ်၏ ၂၅ ရာခိုင်နှုန်း တစ်နည်းအားဖြင့်တစ်ဧက ၅၀၀၀ဝိ/- ကျပ်နှုန်းဖြင့် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပြီး တောင်သူများအနေဖြင့် သီးနှံအထွက်တိုးရေး၊ စားရေရိက္ခာဖူလုံပိုလျှံရေး နှင့်လယ်ယာကဏ္ဍတိုးတက်မြင့်မားရေးအတွက် အားသွန်ခွန်စိုက်ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ က ပြည်နယ်အတွင်း ရာဂီမုန်တိုင်းမတိုင်မီကာလ ရေကြီးနစ်မြုပ်ခဲ့ပြီး ပြန်လည်စိုက်ပျိုးခဲ့သည့် မြို့နယ်(၅)မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု ပေါင်း ၁၆၇ အုပ်စုမှ တောင်သူ ၇၈၀၇ ဦး၏ မိုးစပါးစိုက်ဧက ၁၃၁၄၆ ဧကအတွက် သွင်းအားစုဖိုးလိုအပ်ငွေ ၂၅ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် ၆၅၇ ဒဿမ ၃၀၀ သန်းကို ချီးမြှင့်ပေးအပ်ကြရာ တောင်သူ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာသော မြို့နယ်အသီးသီးမှတောင်သူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက တောင်သူများအား သွင်းအားစုဖိုးလိုအပ်ငွေ ၂၅ ရာခိုင်နှုန်းအား စနစ်တကျထုတ်ပေးနေမှုအခြေအနေများကို ကြည့်ရှု အားပေးခဲ့ကြပါသည်။