ဘားအံ - မေ (၂၀)

            ကရင်ပြည်နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဦးဆောင်ကျင်းပသော နွေရာသီပအိုဝ်းစာပေနှင့်ယဉ် ကျေးမှု စုပေါင်းသင်တန်းဆင်းပွဲကို မေလ ၂၀ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့နယ်၊ ကော့ကျိုက်စံပြကျေးရွာ၊ ပအိုဝ်းကော့ကျိုက်ဘေးမဲ့တိုက်ကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။

            ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် ပအိုဝ်းကော့ကျိုက်ဘေးမဲ့တိုက်ကျောင်းဆရာတော် ဘဒ္ဒန္တကောဝိဒ အား သွားရောက်ဖူးမြော်ကြည် ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

            ထို့နောက် နွေရာသီပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းဆင်းပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီး ချုပ်က ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားရေးလက္ခဏာနှင့်သမိုင်းအမွေအနှစ်တို့ကိုထိန်းသိမ်း မြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့်တိုင်းရင်းသားလူမျိုး များ၏လူနေမှုဘဝမြှင့်မာရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်လမ်းပန်းဆက်သွယ်ရေးစသည့်လုပ်ငန်း များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှလိုအပ်သည့်အကူအညီအထောက်အပံ့များကိုနှစ်စဉ်ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုများကို သင်ကြားပေးသောကျေးရွာများသည် တစ်နှစ် ထက်တစ်နှစ်တိုးတက်များပြားလာရန် လိုအပ်သည့်အပြင် ပအိုဝ်းတိုင်းရင်းသားလက်လှမ်းမီနိုင်သောသင်ကြားသင်ယူ မှုအခင်းအကျင်းများလည်း ဖန်တီးကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သောငွေကျပ်သိန်း(၁၅၀)ကို ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းဖွင့်လှစ်သင်ကြားရေးကော်မတီဥက္ကဋ္ဌထံ ထောက်ပံ့ပေးအပ်ရာ ဂုဏ်ပြုမှတ်တမ်း လွှာပြန်လည်ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက ပအိုဝ်းစာပေသင်တန်းထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

            ဆက်လက်၍ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းဖွင့်လှစ်သင်ကြားရေးကော်မတီဥက္ကဋ္ဌဦးခွန်မင်းအောင်က နွေရာသီပအိုဝ်းစာပေသင်တန်းဖွင့် လှစ်သင်ကြားရေးဆိုင်ရာကိစ္စရပ်များကိုရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကားပြော ကြားကာ သင်တန်းသား၊သင်တန်းသူများက ပအိုဝ်းရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက် ကြသည်။

            ၂၀၂၄ ခုနှစ် နွေရာသီပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းကို ဘားအံမြို့နယ် ပအိုဝ်းကော့ကျိုက်ကျေးရွာ၊ ကမော့ကစင်ကျေးရွာ၊ နောင်ဘိုကျေးရွာနှင့် လှိုင်းဘွဲမြို့နယ် တညင်ကုန်းကျေးရွာတို့မှ သင်တန်းသား၊သင်တန်းသူ ၃၀၀ ဦး စုပေါင်းသင်တန်းဆင်းခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသား၊သင်တန်းသူများအား ရင်းနှီးစွာ တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

            ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန Sustainabridges(SB)တို့နှင့် ပူးပေါင်းပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော  နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(ဘားအံ)၏ ဆောက်လုပ်ရေးသင်တန်းအမှတ် စဉ်(၁၄)၊ လျှပ်စစ်သင်တန်း အမှတ်စဉ်(၁၄) ၊ မော်တော်ယဉ်စက်ပြင်သင်တန်း အမှတ်စဉ်(၁၃)၊ ဂဟေသင်တန်း အမှတ်စဉ်(၁၂) သင်တန်းများဖွင့်ပွဲကို မေလ ၂၀ ရက် နေ့ နံနက် ၁၀ နာရီက အဆိုပါသင်တန်းကျောင်း သင်တန်းခန်မ ၌ ကျင်းပသည်။

            သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းကာလအတွင်း နေစရိတ်၊စားစရိတ် အခမဲ့အပြင်သင်တန်းသုံးလက်တွေ့ခန်းသုံးပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ၊ သင်တန်းသားတူညီဝတ်စုံများကို ထောက်ပံ့ပေးသွားမည်ဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် သင်တန်းကျောင်းမှချမှတ်ထားသော စည်းကမ်း များကို စနစ်တကျလိုက်နာပြီး ထူးထူးချွန်ချွန်တတ်မြောက်အောင် လေ့လာသင်ယူကြစေလိုကြောင်း၊ သင်တန်းသား များအနေဖြင့် သင်ကြားပို့ချပေးသည့်ပညာရပ်များကို လက်တွေ့နယ်ပယ်တွင်အသုံးချ၍ ဘဝရပ်တည်မှုအထောက် အကူဖြစ်စေမည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများထူးထောင်နိုင်အောင် ကြိုးစားကြစေလိုကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်‌အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် Sustainbridge(SB) ဘားအံရုံးမှ အစီအစဉ်ညှိနှိုင်းရေးမှူးဦးစောတင်ဝင်းမြင့်က သင်တန်းဆိုင်ရာ အချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က သင်တန်းသားများအား ရင်းနှီးစွာတွေ့ဆုံနှုတ်ဆက် ၍ အားပေးစကားများပြောကြားခဲ့သည်။

            ယနေ့ဖွင့်လှစ်သည့်သင်တန်းများဖွင့်ပွဲတွင် ဆောက်လုပ်ရေးသင်တန်း၌ သင်တန်းသား(၆)ဦး၊ လျှပ်စစ်သင် တန်း၌ သင်တန်းသား(၁၅)ဦး၊ မောက်တော်ယဉ်စက်ပြင်သင်တန်း၌ သင်တန်းသား(၂၄)ဦး၊ ဂဟေဆက်သင်တန်း၌ သင်တန်းသား(၁၅)ဦး စုစုပေါင်းသင်တန်းသား(၆၀)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၂၂ ပတ် ကြာမြင့်မည်ဖြစ်ကြောင်းသိရှိရပါသည်။