ဘားအံ - မေ (၂၇)
ယခုနှစ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကရင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၁၂၀၈ ကျောင်း ဖွင့်လှစ်သွားရန် စီမံဆောင်ရွက်လျက်ရှိပြီး မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ထိကို ကျောင်းအပ်နှံရေးသီတင်းပတ် အဖြစ်သတ်မှတ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ကရင်ပြည်နယ်တွင် ကျောင်းအပ်စတင်လက်ခံသည့် ပထမ(၅)ရက်အတွင်း ကျောင်းသား၊ကျောင်းသူ ၁၃၈၄၉၉ ဦး လာရောက်ကျောင်းအပ်နှံကြကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထို့သို့ ကျောင်းသား၊ကျောင်းသူများနှင့်ကျောင်းသားမိဘများမှ လာရောက်ကျောင်းအပ်နှံနေမှုအခြေအနေများ ကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက မေလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် လိုက်လံကြည့်ရှု အားပေးခဲ့ကြပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ၊ ဆရာမများ၏ ကျောင်းအပ်လက်ခံပေးနေမှု၊ နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့ပေးသည့် ဗလာစာအုပ်၊ ပုံနှိပ်စာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများ စနစ်တကျထုတ်ပေးနေမှုအခြေအနေ၊ မြို့မိမြို့ဖများ၊ ကျောင်းအကျိုးတော် ဆောင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ဝင်များက ကျောင်းအပ်နှံရေးကူညီဆောင်ရွက်ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး လာရောက် ကျောင်းအပ်နှံကြသည့် ကျောင်းသားမိဘများ၊ ကျောင်းသား၊ကျောင်းသူများအား ရင်းနှီးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးနေမှုနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးနေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးပြီး ကျောင်းသားမိဘများနှင့်ကျောင်းသား၊ကျောင်းသူ များအား ရင်းနှီးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှု ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂) ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို လုပ်ထုံးလုပ်နည်း(SOP)များအတိုင်း ထုတ်ချေးပေးလျက်ရှိပြီး စဉ်ဆက်မပြတ်လေ့လာစောင့်ကြည့်အကဲဖြတ်ကြဖို့လိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး အဓိကကျသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှသာ နိုင်ငံ့စီးပွားတိုးတက်လာ မည်ဖြစ်သည့်အတွက် ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ကြဖို့လိုကြောင်း၊ ယခုအခါ မိုးစပါးထွန်ယက်စိုက်ပျိုးရန်ပြင်ဆင် ဆောင်ရွက်ရမည့်အချိန်ဖြစ်ပြီး သီးထပ်စွမ်းအားတိုးမြှင့်စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင် ရွက်ပေးနိုင်ရန်တင်ပြဆွေးနွေးပေးကြစေလိုကာ မိုးစပါးလျာထားချက်ပြည့်မီကျော်လွန်အောင်စိုက်ပျိုးနိုင်ရေး ကြိုတင် ပြင်ဆင်အားထည့်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဝင် ပြည်နယ် အဆင့် ဌာနဆိုင်ရာများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေ အနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဝင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် သီးနှံ(၅)မျိုး စိုက်ပျိုးရိတ်သိမ်းထွက်ရှိမှုအခြေအနေ၊ တောင်သူများမှ အရင်း/အတိုးငွေများ ပြန်လည်ပေးသွင်းပြီးစီးမှု နှင့် တောင်သူအကျိုးအမြတ်ရရှိမှုအခြေအနေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြပါသည်။