ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ကရင်ပြည်နယ် အစိုးရအဖွဲ့

Kayin State Government

Status Published: Mar 26 Posted Under:

(၇၉)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မူးတခွီး-ရွှေပြည်တောင် ကွန်ကရစ်လမ်းဖွင့် ဘားအံ-မတ် (၂၆) (၇၉)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်နယ် အစိုးရရန်ပုံငွေကျပ်(၁၈၅ဒဿမ၀၅၉)သန်းဖြင့်ဆောင်ရွက်သော မူးတခွီး-ရွှေပြည်တောင်ကွန်ကရစ်လမ်းဖွင့်ပွဲကို မတ်လ ၂၆ ရက်နေ့ နံနက် ၈ နာရီ က အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။ ယနေ့ဖွင့်လှစ်သည့်လမ်းသည် အရှည် (၁မိုင်၀ဒဿမ၃ဖာလုံ) ရှိပြီး အကျယ်(၁၂)ပေ(၆)လက်မထုကွန်ကရစ် လမ်းဖြစ်ပြီး လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိမိတို့ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်လိုစိတ်များကို မွေးမြူကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထားကြရန် အကျိုးရှိရှိအသုံးပြုကြရန်နှင့် နိုင်ငံတော် အစိုးရကဆောင်ရွက်ပေးရန်လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း သက်ဆိုင်ရာဌာနဆိုင်ရာ အသီးသီးနှင့် ပေါင်းစပ်တင်ပြဆောင်ရွက်ခြင်းဖြင့် မိမိဒေသဖွံ့ဖြိုးအောင် ခေတ်မီသည့်စံပြကျေးရွာများဖြစ်အောင် ဆောင်ရွက်သွား ကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးဝင်းနိုင်က ကွန်ကရစ်လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံတိုင်းရင်းသားပြည်သူများကိုယ်စား ကျေးရွာတာဝန်ရှိသူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကွန်ကရစ်လမ်းသစ်အားဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြပြီး တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ အဆိုပါအဖွဲ့များ အားဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကာ ကွန်ကရစ်လမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာမည အောင်တော်မူဆုတောင်းပြည့်စေတီတော် ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထား တင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် သာမညကျေးရွာအုပ်စုအတွင်း ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသော နေရပ်စွန့်ခွာပြည်သူများ အတွက် ထိုင်းနိုင်ငံမှကူညီထောက်ပံ့ပေးသော စားသောက်ကုန်ပစ္စည်းများ ပေးအပ်သည့်အခမ်းအနားကို အဆိုပါ စေတီတော်ပရိဝုဏ်အတွင်း၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ရန် ကြိုးပမ်း ဆောင်ရွက်နေပြီး မိမိတို့နေရပ်ကိုစွန့်ခွာ၍ ယာယီပြောင်းရွေ့နေထိုင်စဉ်ကာလအတွင်း ကျန်းမာရေးကိုဂရုစိုက်ကြရန် တိုက်တွန်းလိုကြောင်း၊ အချင်းချင်းစည်းစည်းလုံးလုံးညီညီညွတ်ညွတ် နားလည်မှုရှိရှိဖြင့်နေထိုင်ကြစေလိုပြီး သာသနာ့ နယ်မြေဖြစ်သည့်အတွက် ဆရာတော်ကြီးများ၏ ဆုံးမဩဝါဒစကားကိုနာခံ၍ ကျန်းကျန်းမာမာနေထိုင်ကြစေလို ကြောင်း ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များ၊ KNU ဘားအံခရိုင် နှင့် နယ်ခြားစောင့် တပ်တို့မှတာဝန်ရှိသူများက နေရပ်စွန့်ခွာအိမ်ထောင်စုတစ်စုလျှင် စားသောက်ကုန်တစ်ထုပ်နှုန်းဖြင့် ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကရင်ပြည်နယ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA)မှ စုပေါင်းသွေလှူဒါန်းပွဲကို ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ) သွေးလှူဘဏ်ဌာန၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူရှင်များအား ကြက်ဥ၊ အချိုရည် အစရှိသော အာဟာရဖြည့်စွက်အစားအစာများထောက်ပံ့ပေးအပ်ခဲ့ကြသည်။ အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ကရင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် MFF “D” လိုင်စင်ဘောလုံးနည်းပြသင်တန်း(၁/၂၀၂၄) ဆင်းပွဲအခမ်းအနားကို မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစား ကွင်းရှိ လူငယ်ရေးရာကော်မတီရုံးခန်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီး သီးမှ ဘောလုံးနည်းပြသင်တန်းသား၊သင်တန်းသူ စုစုပေါင်း(၂၄)ဦးတို့ကို မတ်လ (၂၂)ရက်နေ့မှ(၂၅)ရက်နေ့ထိ သင်တန်းကာလ(၄)ရက်တာကာလအတွင်း ဘောလုံးအားကစားနည်းနှင့်ပတ်သက်ဆက်နွယ်သည့် နည်းစနစ်ပိုင်း၊ နည်းပရိယာယ်ပိုင်းနှင့်နည်းဥပဒေပိုင်းတို့ကို သင်ကြားပို့ချပေးခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းသား၊သင်တန်းသူများအနေ ဖြင့် ဘောလုံးနှင့်ပတ်သက်သည့်ပညာရပ်များကို မိမိတို့၏ဒေသတွင် ပြန်လည်မျှဝေဖြန့်ဖြူးပေးသွားကြရန် တိုက်တွန်း ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်း လွှာနှင့်ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ ကရင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၀)စက်မှုလယ်ယာစခန်း၊ဘားအံမြို့မှ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းကို မွန်းလွဲ ၃ နာရီက ဘားအံမြို့နယ်၊ ခြံကလေး ကျေးရွာ၊ ခြံကလေးအောင်ရတနာကျောင်း၌ ကျင်းပသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် ခြံကလေးအောင်ရတနာကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထားတင်ပြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများစက်မှုလယ်ယာ စနစ်သို့ပြောင်းလဲကျင့်သုံးနိုင်ရေးရည်ရွယ်ပြီး စက်ကိရိယာများအလွယ်တကူဝင်/ထွက်အသုံးပြုနိုင်သော ကုန်ထုတ် လမ်းများပါဝင်သည့်လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်ပေးနေသကဲ့သို့ အရည်အသွေး ကောင်း လယ်ယာသုံးစက်ကိရိယာများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရေး၊ သင်တန်းများ ဖွင့်လှစ်ပို့ချပေးနိုင်ရေးများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းမှရရှိသည့် အသိပညာ၊ ဗဟုသုတနှင့် ကျွမ်းကျင်မှုများကိုအသုံးချပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် အားသွန်ခွန်စိုက်ကြိုးစားလုပ်ကိုင်ကြစေလို ကြောင်း ပြောကြားသည်။ ထို့နောက် စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ သင်တန်းတွင်အသုံးပြုမည့် သင်ထောက်ကူစက်ကိရိယာများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ငြိမ်းချမ်းရေးဖလား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ကို မတ်လ ၂၀ ရက်နေ့မှ ဧပြီလ ၁ ရက်နေ့ထိ ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပ လျက်ရှိရာ မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၄ နာရီက ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)ဘောလုံးအသင်းနှင့် ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA (PC) ဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် BGF ဘောလုံးအသင်းက ၁၀ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါည်။

PREVIOUS POST