ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ကရင်ပြည်နယ် အစိုးရအဖွဲ့

Kayin State Government

Status Published: Apr 12 Posted Under:

ဘားအံ - ဧပြီ (၁၂) ဒေသတွင်းစားရေရိက္ခာဖူလုံပိုလျှံမှုရှိစေရေး၊ မွေးမြူရေးထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး နှင့်တန်ဖိုး မြင့်ထုတ်ကုန်များအဖြစ် ဈေးကွက်တင်ပို့ရောင်းချနိုင်ရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး နှင့် အစိုးရအဖွဲ့ဝင်များသည် ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမွေးမြူရေးဇုန်နှင့်မိဇံမွေးမြူရေးဇုန်ရှိ ဒေသခံ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမွေးမြူရေးဇုန် ရှင်လင်းဆောင်၌ မွေးမြူရေးတောင်သူများနှင့် တွေ့ဆုံရာ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်လွင်က ဘားအံမွေးမြူရေးဇုန်ဖော်ထုတ်မှုအခြေအနေ၊ မြေဧရိယာ (၁၃၇ ဒဿမ ၄၆ )ဧကပေါ်တွင် လုပ်ငန်းရှင် ၈၉ ဦးမှ နွား၊ ဝက်၊ ဆိတ်၊ ကြက် အစရှိသောတိရစ္ဆာန်များမွေးမြူထားရှိမှု အခြေအနေ၊ နှစ်အလိုက်တိုးတက်ထုတ်လုပ်နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး မွေးမြူရေးနှင့်ကုသရေး ဦးစီး ဌာန ဒုတိယပြည်နယ်ဦးစီးမှူးဒေါက်တာအောင်မျိုးကျော်လွင်က ဇီဝလုံခြုံမှုနှင့်ကူးစက်ရောဂါထိန်းချုပ်မှုအခြေအနေ၊ စိုက်ပျိုးရိတ်သိမ်းကျွေးမွေးသည့်စနစ်ကျင့်သုံးနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ဇုန်ကော်မတီဥက္ကဋ္ဌက တိရစ္ဆာန်အစာဈေးနှုန်းတည်ငြိမ်ရေး၊ မွေးမြူရေးချေးငွေရရှိနိုင်ရေး တင်ပြဆွေးနွေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးတောင်သူများအား တစ်ဦးချင်းစီ၏ လိုအပ်ချက်များ၊ အခက် အခဲများ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးစေပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဇုန်အတွင်း ဆိတ်သားခြောက်၊ ဝက်အူချောင်းကဲ့သို့သော MSME လုပ်ငန်းများ ပေါ်ထွန်းလာစေရေးနှင့် မွေးမြူရေးထုတ်ကုန်များအား တန်ဖိုးမြင့်ထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွေးမြူရေးတောင်သူဦးကျော်မြင့်၏ နွား ၄၁ ကောင် မွေးမြူရေးခြံ၊ တောင်သူဦးသိန်းမြင့်၏ ဆိတ် ၁၅၀ ကောင် မွေးမြူရေးခြံ၊ တောင်သူဦးစောအဖြူ၏ ဥစားကြက် ၂၀၀၀ ကောင် မွေးမြူရေးခြံတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံစက်မှုဇုန်အနောက်ဘက်ရှိ မိဇံမွေးမြူရေးဇုန်သို့ ရောက်ရှိပြီး ရှင်းလင်းဆောင်၌ မွေးမြူရေးတောင်သူများနှင့်တွေ့ဆုံရာ တာဝန်ရှိသူများက (၄၉ ဒဿမ ၀၇) ဧက ကျယ်ဝန်းသော ဝက်မွေးမြူရေးဇုန်နှင့် (၄၉ ဒဿမ ၃၁) ဧက ကျယ်ဝန်းသော ဆိတ်မွေးမြူရေးဇုန်တို့တွင် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး မွေးမြူရေးတောင်သူများက မွေးမြူရေးဆိုင်ရာကြုံတွေ့နေရသည့်အခြေအနေနှင့်ဈေးကွက်ရရှိမှုအခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူဦးသိုက်ဦး၏ မွေးမြူရေးနှင့်စိုက်ပျိုးရေးသုံး စွန့်ပစ် ပစ္စည်းများအသုံးပြု၍ သဘာဝဇီဝမြေဩဇာစက်ရုံ၊ တောင်သူဦးနေတိုး၏ အသားတိုးတက်(၁၂၀)ကောင် မွေးမြူရေး ခြံနှင့် တောင်သူဦးသန့်စင်စိုး၏ အသားတိုးဝက်(၁၀၀)ကောင်မွေးမြူရေးခြံတို့အား လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။

PREVIOUS POST