ဘားအံ - ဧပြီ (၃)
ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီး ပေးရေးလုပ်ငန်းကော်မတီနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မော်တော်ဆိုင်ကယ် အခြေခံပြုပြင်ရေးသင်တန်းဆင်းပွဲကို ဧပြီလ ၃ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ဘားအံ)၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မော်တော်ဆိုင်ကယ်အခြေခံပြုပြင်ရေး သင်တန်းသည် ယနေ့ခေတ်တွင် တွင်ကျယ်ခေတ်စားနေသည့် သင်တန်းဖြစ်ပြီး သင်တန်းမှသင်ကြားပေးလိုက်သော အသိပညာ၊အတတ်ပညာများကို လေ့လာရုံသာမက လက်တွေ့လုပ်ငန်းခွင်နယ်ပယ်မှရရှိသော အသိပညာ၊ ဗဟုသုတ များဖြင့် ပေါင်းစပ်လုပ်ကိုင်မှသာ သင်တန်းသားတို့၏ဘဝရပ်တည်နေထိုင်ရေးအတွက် ခိုင်မာသည့်အခြေခံအုတ်မြစ် ဖြစ်ပြီး နိုင်ငံတော်နှင့်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း တစ်ဖက်တစ်လမ်းမှ ပါဝင်အားဖြည့်ကူညီနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်ကြားပို့ချ ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများ အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ သင်တန်းဆင်းသင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယနေ့သင်တန်းဆင်းပွဲတွင် သင်တန်းသား ၂၀ ဦးမှ ရက်သတ္တပတ် သုံးပတ်ကြာ သင်ကြားပြီးမြောက်၍ သင်တန်းဆင်းခဲ့ကြခြင်းဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက သင်တန်းဆင်းသင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေး စကားများပြောကြားကာ သင်တန်းခန်းမအတွင်း သင်တန်းသားများ၏လက်တွေ့ သင်ကြားလေ့ကျင့်မှုအခြေအနေ များကို ကြည့်ရှုအားပေးခဲ့ကြပါသည်။