ဘားအံ - ဧပြီ (၂)
ကရင်ပြည်နယ်အတွင်းရှိ အဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင်များအချင်းချင်းချစ်ကြည်ရင်းနှီးမှုပိုမိုတိုးပွားလာစေ ရန်နှင့် အပြန်အလှန်နားလည်မှုတိုးပွားကာ မိမိပြည်နယ်အကျိုးအတွက် အချင်းချင်းပူးပေါင်းဆောင်ရွက်ကြစေရန် ရည်ရွယ်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးပြီး ငြိမ်းချမ်းရေးဖလား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားတွင် ကျင်းပလျှက်ရှိရာ ဧပြီလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီက ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကို ကျင်းပသည်။
အဆိုပါဘောလုံးပြိုင်ပွဲသို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ဘောလုံးအသင်း၊ ကရင်အမျိုးသားအစည်း အရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC) ဘောလုံးအသင်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)ဘောလုံးအသင်း၊ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)ဘောလုံး အသင်းနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ဘောလုံးအသင်း စုစုပေါင်းဘောလုံးအသင်း(၅)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)ဘောလုံးအသင်းနှင့် ကရင်ပြည်နယ်နယ်ခြားစောင့် တပ် (BGF)ဘောလုံးအသင်း ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အားကစားဝါသနာရှင် တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါဗိုလ်လုပွဲစဉ်တွင် ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA)ဘောလုံးအသင်းက ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပဥ္စမ၊ စတုတ္ထ၊ တတိယ၊ ဒုတိယ ဆုရှိသော ဘောလုံးအသင်းများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အနိုင်ရဗိုလ်စွဲသွားသော ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ဘောလုံးအသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု(၁၅)သိန်းနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။