ဘားအံ - ဧပြီ (၃)
ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့တွင် မြန်မာသက္ကရာဇ်(၁၃၈၅)ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ယိမ်းအကပြိုင်ပွဲများ၊ ရေကစားမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်၊ စင်တင်တေးဂီတဖျော်ဖြေ ပွဲများ၊ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများ၊ သက်ကြီးပူဇော်ပွဲနှင့်ဇီဝိတဒါနာငါးလွှတ်ပွဲများ စသည်ဖြင့် စည်ကားသိုက်မြိုက် စွာကျင်းပသွားမည်ဖြစ်ကြောင်း ဧပြီလ ၃ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ နှင့် လုပ်ငန်းကော်မတီများ၏ (၃/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဧပြီလ ၁၁ ရက်နေ့တွင် ယိမ်းအကပြိုင်ပွဲကို ကျင်းပ၍ မဟာသင်္ကြန်ပွဲတော်ကို စတင်မည်ဖြစ်ပြီး ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ဆွေးနွေးအတည်ပြုရမည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးပေးကြစေ လိုပြီး အထောက်အကူပြုလုပ်ငန်းကော်မတီများအလိုက် လိုအပ်သည့်အသုံးစရိတ်များကို ကြိုတင်တင်ပြပေးကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် အထောက်အကူပြုလုပ်ငန်းကော်မတီအတွင်းရေးမှူးများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြ ပြီး ကော်မတီအတွင်းရေးမှူးများက မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
မြန်မာသက္ကရာဇ်(၁၃၈၅)ခုနှစ် ကရင်ပြည်နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ကိုယ်ပိုင်သံစဉ် ယိမ်းအဖွဲ့ ၁၀ ဖွဲ့၊ Copy သံစဉ်ယိမ်းအဖွဲ့ ၁၉ ဖွဲ့၊ ကိုယ်ပိုင်သံစဉ်တပင်တိုင်းအကအဖွဲ့ ၁၂ ဖွဲ့၊ ဖျော်ဖြေရေးယိမ်းအဖွဲ့ ၁၂ ဖွဲ့ စုစုပေါင်း ၅၃ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဘားအံမြို့ကမ်းနားလမ်းတစ်လျှောက်နှင့် ရပ်ကွက်/ကျေးရွာများတွင် မဟာသင်္ကြန်ရေကစားမဏ္ဍပ် ၂၅ ခုနှင့်စတုဒိသာမဏ္ဍပ်များတည်ဆောက်၍ လမ်းလျှောက်သင်္ကြန်အပါအဝင် အများ ပြည်သူပါဝင်ဆင်နွှဲနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကာ နှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတ ဒါနငါးလွှတ်ပွဲ၊ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်သည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မဟာသင်္ကြန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး တင်ပြဆွေးနွေး ချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် မြန်မာသက္ကရာဇ်(၁၃၈၅)ခုနှစ်မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ယိမ်းအကပြိုင်ပွဲတွင် အဆင့်အတန်းပြည့်မီစွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မဟာသင်္ကြန်ယိမ်းအဖွဲ့၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှုအားပေး ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မျှော်မှန်းထားသည့်ဆုတံဆိပ်များရရှိနိုင်ရန် ကျန်းမာရေးကိုအထူးဂရုစိုက်၍ လေ့ကျင့် ယှဉ်ပြိုင်ကြရန် အားပေးစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေကျပ်တစ်သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။