ဘားအံ - ဧပြီ (၂)
ပြည်နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းမှ ကြီးမှူးဖွင့်လှစ်သော ကရင်စာပေသင် တိုင်းရင်းသားဘာသာပြ ဆရာ/ဆရာမများ စာပေမွမ်းမံသင်တန်းဖွင့်ပွဲကို ဧပြီလ ၂ ရက်နေ့ နံနက် ၈ နာရီက ကရင် ကျောင်းသားများရိပ်သာ သင်တန်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် လှိုင်းဘွဲမြို့နယ် မဲဆမိတ်ကျောင်းဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒရ က အဖွင့်ဩဝါဒကထာ မြွတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်စာပေတိုင်းရင်းသားဘာသာပြ ဆရာ/ဆရာမများ မွမ်းမံသင်တန်းဖွင့်ပွဲသို့ တက်ရောက်လာကြသော ဆရာ/ဆရာမများအနေဖြင့် သင်တန်းမှပို့ချသည့် သင်ခန်းစာများကို အပတ်တကုတ်ကြိုးစားလေ့လာသင်ယူပြီး လက်ဆင့်ကမ်းပြန်လည်သင်ပြနိုင်သော ဆရာ/ဆရာမ ကောင်းများဖြစ်အောင် ဆောင်ရွက်စေလိုကြောင်းနှင့် မိမိတို့စကား၊ စာပေ၊ ယဉ်ကျေးမှု ရေရှည်တည်တံ့ရေးအတွက် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ကျိုက်မရော၊ ဖာပွန်၊ သံတောင်ကြီးမြို့နယ်များမှ ကရင်စာပေမွမ်းမံသင်တန်းတက်ရောက်ကြသည့် ဆရာ၊ဆရာမ ၁၈၆ ဦးအတွက် ငွေကျပ် သိန်း(၃၀)၊ ဆန်(၁၀)အိတ်၊ ဆီ ၃၀ ပိဿာတို့ကို ထောက်ပံ့ပေးအပ်ပြီး ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေး အသင်း နာယကချုပ်ဆရာတော်နှင့် အသင်းဥက္ကဋ္ဌတို့၏ သဘောထားအမှာစကားကို သင်တန်းမှူးက ကိုယ်စား ပြောကြားသည်။
ယင်းနောက် သင်တန်းကော်မတီဆရာ၊ဆရာမများက စာပေယဉ်ကျေးမှုသင်တန်းတက်ကြပါစို့ဟု အဓိပ္ပါယ်ရသော မ်ုထင်းမာလောဟ် လိက်လဲာဆ်ုဃှီ့ လာ (မထောင်းမာလူးလိုက်လဲဆဟီ့ လာ) ကရင်တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြပြီး အခမ်းအနားကို ရုတ်သိမ်းသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဖွင့်ပွဲသို့ တက်ရောက်တော်မူကြသော လှိုင်းဘွဲမြို့နယ် မဲဆမိတ် ကျောင်းဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒရ အမှူးပြုသော ဆရာတော်၊သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်း၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကာ အဆိုပါ မွမ်းမံသင်တန်းကို ဧပြီလ ၂ ရက်နေ့မှ ၇ ရက်နေ့ထိ ၅ ရက်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။