လူသေအလောင်းကို မီးသဂြိုလ်ပြီး ကြွင်းကျန်သော အရိုးများကို ပြန်ကောက်ကာ သေသူ၏ ဆွေမျိုး ရင်းချာများက သေသူအားနောက်ဆုံးအနေနှင့် အစားအသောက်၊ ပျော်ပွဲရွှင်ပွဲများဖြင့် တိုက်ကျွေး ပြုစုခြင်း၊ မိဘ ဘိုးဘွားများနှင့် အရိုးရေစက်ချခြင်း၊ အရိုးပြာများကို အရိုးတောင်သို့ ပို့ခြင်းအလုပ်ကို ရှို(ပိုး) ကရင်အမျိုးသားတို့ က ‘ချချာ’ ဟုခေါ်ပြီး မြန်မာတို့က အရိုးကောက်ပွဲ ဟုခေါ်သည်။
အရိုးကောက်ပွဲကို သံလွင် ခရိုင်ရှိ ဗုဒ္ဓဘာသာ စဝှော်(စကော) ကရင်များ လူသေပြီး ခုနှစ်ရက်အတွင်း အပြီးကျင်းကြသည်။ ဗုဒ္ဓဘာသာဝင်နှင့် နတ်စား အရှေ့ရှို(ပိုး) ကရင်များကမူ တစ်နှစ်မှ ဆယ့်ငါးနှစ်အတွင်း ကြိုက်သည့်အချိန်တွင် အရိုးကောက်ပွဲကိုပြုလုပ်ကျင်းပသည်။ ဆွေမျိုးရင်းချာများအနက် မီးသဂြိုလ်ပြီး အရိုး မကောက်ရသေးလျှင် တစ်ကြိမ်တည်း၊ တပြိုင်တည်း စုပေါင်း အရိုးကောက်ပွဲပြုလုပ်တတ်ကြသည်။
အရိုးကောက်ပွဲများကို တပို့တွဲ လပြည့်ကျော်မှ စ၍ပြုလုပ်ကျင်းပကြသည်။ တပေါင်းလတွင် လဆန်း ရက်များ၌ မပြုလုပ်ပဲ လပြည့်ကျော်မှ ပြုလုပ်တတ်သည်။ တန်ခူးလကို အများအားဖြင့်ရှောင်ကြဉ်သည်။ အရိုးကောက်ပွဲ လုပ်လိုသူများသည် တန်ခူးလပြည့်ကျော်လျှင်လုပ်နိုင်သည်။ အထူးသဖြင့် ကဆုန်လတွင် အရိုး ကောက်ပွဲ ပေါများသည်။