စပါးပုံ လိပ်ပြာခေါ်ပွဲမှာ ကောက်လှိုင်းများ တလင်းကွင်း၌နယ်၍ ပြီးသောအခါ စုပုံထားသော စပါးပုံကြီး အတွက် လိပ်ပြာခေါ်ပေးခြင်းဖြစ်သည်။ လိ်ပ်ပြာခေါ်ပြီးမှ ခြင်တွယ်ပါက စပါးပိုမို ထွက်သည်ဟု ယုံကြည်ကြ သည်။ ကျီသွင်းသောအခါတွင်လည်း စပါးလိပ်ပြာ မလွင့်နိုင်ဟု အယူရှိကြသည်။ စပါးပုံလိပ်ပြာခေါ်ပွဲကို အရှေ့ရှို (ပိုး) ကရင်ဘာသာစကားဖြင့် ‘ကိုးဖီးဘူးယော်’ ဟုခေါ်သည်။ အဖွားစပါးလိပ်ပြာခေါ်ခြင်းဟု အဓိပ္ပါယ်ရသည်။ မြန်မာလို ကောက်ဆိုင်ပုံ ထိုးသည်ဟူ၍ လည်းခေါ်သည်။ ကိုးဖီးဘူးယော် ပသပုံမှာ ကောက်လှိုင်းသိမ်းအပြီး တလင်းအတွင်း ကောက်လှိုင်းများစုပုံရောက်ရှိပြီးသည့်အခါ ကောက်လှိုင်းပုံပတ်လည်တွင် ဝါးတိုင်ကိုးတိုင်ထူ ရသည် ကောက်လှို်င်းပုံထက်မြင့်ရသည်။ ဝါးတိုင်ထိပ်တွင် ခြင်းငယ်ဖြင့် ကောက်ညှင်း (၇) ထုပ် ငှက်ပျောသီး (၇) လုံး၊ ကြက်မောက်ပန်း (၇) ခက်တင်ရသည်။ ဝါးတိုင်များသည် ကောက်လှို်င်းပုံဘက်သို့ ညွှတ်ကိုင်းကိုင်းနေ ရသည်။ စပါးနယ်ခါနီးတွင် ဝါးတိုင်များကိုဖြုတ်၍ စပါးပုံပေါ်တင်ရသည်။ ထို့နောက် ကလေးများက လုယူစား သောက်ကြသည်။ ဤသည်ကို ‘ကိုးဖီးဘူးယော် ပသပွဲ’ ဟုခေါ်သည်။ ဤပသပွဲမှာ တစ်ဒေသနှင့် တစ်ဒေသမတူ ချေ။
မြေပြန့်နေ အရှေရှို(ပိုး) ကရင် အမျိုးသားများသည် လယ်ယာကိုင်းကျွန်းများ လုပ်ကိုင်ရာတွင် နတ်တင် ကြရသည်။ နတ်မတင်ပဲ လုပ်ကိုင်ပါက လုပ်ကိုင်သူ လူ (သို့) ကျွဲ၊နွား၊ တိရ စ ္ဆန် များကို ဒုက္ခပေးတတ်သည်။ စိုက်ပျိုးသော ကောက်ပဲသီးနှံများ ပျက်စီးတတ်သည်၊ အထွက်ညံ့တတ်သည် စသည်ဖြင့် ယုံကြည်စွဲလမ်းကြ သည်။ ထို့ကြောင့် ဆိုင်ရာနတ်များကို ဓလေ့ထုံးစံအတိုင်း ကျွေးမွေးတင်မြှောက်ပသကြသည်။ ပသတင်မြှောက် ပြီးနောက် တပျော်တပါး စုဝေးစားသောက်ကြသည်။