ကရင်အမျိုးသားတို့သည်လည်း အိမ်သစ်များ ဆောက်လုပ်ပြီးစီးလျှင် အိမ်သစ်တက်မင်္ဂလာပွဲ ဆင်နွဲလေ့ရှိကြသည်။ အိမ်သစ်ဆောက်လုပ်ရာ၌ စုပေါင်းလုပ်အားဖြင့် ဝိုင်းဝန်းဆောက်လုပ်ကြသည်။ ဤသို့ ကူညီဆောင်ရွက်ကြသူများအား ကျေးဇူးတုံ့ပြန်သည့် အနေဖြင့်လည်းကောင်း၊ အိမ်သစ်တွင် မင်္ဂလာရှိစေရန်၊ ကောင်းကျိုးချမ်းသာရရှိစေရန် ရိုးရာနတ်ကို ပူဇော်သည့်အနေဖြင့်လည်းကောင်း အိမ်သစ်တက်ပွဲကို ကျင်းပပြုလုပ်လေ့ရှိသည်။ တောင်ယာ၊ လယ်ယာလုပ်ငန်းများပြီးဆုံး၍ အားလပ်ချိန်များတွင် သစ်၊ ဝါးတို့ စုဆောင်းပြီး အိမ်သစ်၊ ယာသစ်များကို ဆောက်လုပ်ကြသည်။ အိမ်သစ်ဆောက်လုပ်ပြီးစီး၍ နေထိုင် ရန်အသင့်ဖြစ်လျှင် တပို့တွဲ၌ အိမ်သစ်တက်မင်္ဂလာပွဲကို ပြုလုပ်ကြသည်။