ဘားအံ - ဩဂုတ် (၂၆)
ဘားအံမွေးမြူရေးဇုန်ကို ၂၀၂၁ ခုနှစ်တွင် စတင်ဖော်ဆောင်၍ ၂၀၂၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး မြေဧရိယာ ၁၃၇ ဒဿမ ၄၆ ဧကတွင် အကွက်ပေါင်း ၁၀၆ ကွက်ဖော်ဆောင်၍ မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ဒေသ ဝမ်းစာဖူလုံပိုလျှံရေးနှင့်အခြေခံစားကုန်ဈေးနှုန်းများ တည်ငြိမ်ကျဆင်းရေးအတွက် ဩဂုတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ဥစားကြက်(တစ်သောင်း)မွေးမြူရေးခြံ၏ တည်ဆောက်ရေးလုပ်ငန်းများ ပန္နတင်မင်္ဂလာအခမ်းအနားကို ကျင်းပသည်။
ဦးစွာ အဆိုပါမွေးမြူရေးခြံတည်ဆောက်ရေးလုပ်ငန်းခွင် ရှင်းလင်းဆောင်၌ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာန ညွှန်ကြားရေးမှူးဒေါက်တာတင်နွယ်ရီက ဥစားကြက်မွေးမြူရေးခြံတွင် တည်ဆောက်မည့်အဆောက်အဦများ၊ မွေးမြူ မည့်စနစ်နှင့် မွေးမြူမည့်အစီအစဉ်၊ လျှပ်စစ်မီးနှင့်သန့်ရှင်းသောရေရရှိရေးလုပ်ငန်းများ၊ ဘားအံစက်မှုဇုန်တွင် မကြာမီ ဖွင့်လှစ်မည့် တိရစ္ဆာန်အစာစက်ရုံမှ အစာများ၊ ဖြည့်စွက်စာများ ကျွေးမွေးမည့်အစီအစဉ်တို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များမေးမြန်းဆွေးနွေး၍ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီး မင်္ဂလာအချိန်တွင် ရတနာပန္နက်တော်များ တစ်ပြိုင်နက်စိုက်ထူပေး၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ ပြည်နယ် ဝန်ကြီးချုပ်က အခမ်းအနားတွင်ပါဝင်အားဖြည့်ကူညီပေးကြသောအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ယနေ့တည်ဆောက်မည့် ဥစားကြက်ခြံသည် ပေ ၂၀၀ ပတ်လည်မွေးမြူရေးခြံတွင် ကောင်ရေ ၂၅၀၀ ဆံ့ကြက်ရုံ (၄) ရုံကို အရှေ့-အနောက် Direction ဖြင့်တည်ဆောက်သွားမည်ဖြစ်ပြီး (၁၆)ပတ်အရွယ် ဥစားကြက်မဒမ်းများကိုဝယ်ယူ၍ လှောင်အိမ်စနစ်ဖြင့်မွေးမြူသွားမည်ဖြစ်ကာ တစ်နှစ်ခွဲတစ်ကြိမ် ကြက်ကောင်ရေများထည့်သွင်းလဲလှယ်သွားမည်ဖြစ်ကာ ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင်စတင်မွေးမြူ၍ ဒီဇင်ဘာလတွင် ကြက်ဥများစတင်ထွက်ရှိမည်ဖြစ်ပါသည်။















