အော်ပွဲဟူသော အခေါ်အဝေါ်မှာ မြန်မာများ၏ အခေါ်အဝေါ်ဖြစ်သည်။ ရှေးအခါက သြပွဲဟု မြန်မာ များက ခေါ်သည်။ ကရင် အပျို လူပျိုများသည် သြသံကြီးဖြင့် ကဗျာ လင်္ကာတေးသီချင်းများကို အပြန်အလှန် ဆွဲဆွဲငင်ငင် အောဆို ကျူးရင့်ခြင်းကြောင့် သြပွဲဟု ခေါ်ရာမှ ယခုအခါ အော်ပွဲ ဟုပြောင်းလဲခေါ်ဆိုလာခြင်း ဖြစ်သည်။
အော်ပွဲကို အရှေ့ရှို(ပိုး) ကရင်ဘာသာစကားဖြင့် ‘ချအိုင်လောင်’ ဟုခေါ်သည်။ မြန်မာဘာသာအားဖြင့် လက်ဝှေ့ရေးပြပွဲဟု တိုက်ရိုက် အဓိပ္ပါယ်ရသည်။
အော်ပွဲဆိုသည်မှာ လူပျိုကာလသားများ၏ ကာယဗလပြပွဲဖြစ်သည်။ လူပျိုကာလသားများသည် အကျီ င်္ ကို ချွတ်၊ ခါးတောင်းမြှောင်အောင်ကျိုက်၍ မိမိတို့၏ကျန်းမာထွားကျိုင်းသော ကိုယ်အင်္ဂ ါ အစိတ်အပိုင်းများနှင့် သန့်ရှင်းသောကိုယ်အရေပြားကို အမျိုးသမီးပရိတ်သတ်ရှေ့တွင် ထုတ်ဖော်ဝင့်ကြွားပြသသောပွဲ၊ လက်ခမောင်း ကို တဖြောင်းဖြောင်း ခတ်၍ လက်ဝှေ့ရေးပြသသော ပွဲဖြစ်သည်။ ယင်းပွဲသို့ ယောကျ်ားမပီသသူများ၊ ကိုယ် ရေပြားရောဂါရှိသူများ၊ မမာမကျန်းသူများ မလာဝံ့ကြချေ။
တနည်းအားဖြင့် အော်ပွဲဆိုသည်မှာ အတန်းအစားမရွေး အရပ်လေးမျက်နှာမှ ရောက်လာကြသော မောင်မယ်များ အော်ပွဲ၌ တွေ့ဆုံကြ၍ မိတ်ဖွဲ့ကြရာ၊ မိတ်ဆွေအပေါင်းအသင်း ဖြစ်ကြရာ၊ မိမိတို့၏ ဖူးစာဖက် ရာသက်ပန်ပေါင်းဖော်သွားရမည့် ကြင်ဖော်ကို ရှာဖွေ ရွေးချယ်ကြရာ၊ မောင်မယ်တူစုံ မေတ္တာပြိုင်ရာဖြစ်သော ပွဲဖြစ်၍ အပျိုလူပျိုပွဲဟုလည်း ခေါ်နိုင်သည်။
အခြားနည်းအားဖြင့် အော်ပွဲဆိုသည်မှာ အပျိုလူပျိုများ၏ ဉာဏဗလယှဉ်ပြိုင်ပွဲလည်းဖြစ်သည်။ အပျိုလူပျိုများသည် စာပေ ဗဟုသုတ နှံ့စပ်မှု၊ ကဗျာလင်္ကာဉာဏ်စွမ်းများကို အကြိတ်အနယ် ပြိုင်ဆိုင်သောပွဲဖြစ် သည်။ သီချင်းကြီး သီချင်းခန့်များ၊ ဇာတ်နိပါတ်များ၊ ရာဇဝင်များ၊ စကားထာ၊ ပဟေဠိများကို ကဗျာလင်္ကာသီကုံး ၍ အပြန်အလှန်် အမေးအဖြေပြုလုပ်ကြသည်။
အော်ပွဲများကို ကရင်လူမျိုးများသည် စပါးပုံပွဲ (ကောက်သိမ်းပွဲ)၊ ဘုရားပွဲ၊ အသုဘအခမ်းအနားများ၊ အရိုးကောက်ပွဲ၊ ဧည့်ခံပွဲများတွင် ပြုလုပ်ကျင်းပလေ့ရှိကြသည်။